အပင်လဲကျ၍ အမျိုးသမီးတစ်ဦးသေဆုံး

73

ညောင်ပင်အောက် သူငယ်ချင်းများနဲ့ အနားယူနေစဉ် အပင်လဲကျပြီး အမျိုးသမီးတစ်ဦး ပိမိသေဆုံးမှု ကွတ်ခိုင်မြို့မှာဖြစ်ပွား

...........................

ဧပြီလ ၆


ကွတ်ခိုင်မြို့နယ်အတွင်းမှာ ညောင်ပင်အောက် သူငယ်ချင်းများနဲ့အတူ အနားယူနေစဉ် အပင်လဲကျရာက အမျိုးသမီးတစ်ဦး ပိမိသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။


အဆိုပါဖြစ်စဉ်မှာ ဧပြီလ ၄ရက်နေ့ နေ့လည်ပိုင်းအချိန်က ကွတ်ခိုင်မြို့နယ်အတွင်းမှာ လွေးအီနီမ်းဆိုသူ အမျိုးသမီးသည် ရွှေတူးလုပ်ငန်းလုပ်ပြီး သူငယ်ချင်းများနဲ့အတူ ညောင်ပင်ရိပ်အောက်မှာ အနားယူနေစဉ် အပင်လဲကျကာ ပိမိသေဆုံးခဲ့တာဖြစ်ပါတယ်။


"သူတို့က ရွှေတူးပြီး နေ့လည်ဆိုတော့ အနားယူကြတယ်။ ရေခဲချောင်းဝယ်စားကြတယ်၊ ညောင်ပင်လဲတဲ့အချိန်မှာ သူလဲပြေးတယ်၊ မလွတ်ဘူး၊ ကျန်တဲ့သူငယ်ချင်းတွေကတော့ ထိခိုက်တာမရှိဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။


သေဆုံးသွားတဲ့ အမျိုးသမီးငယ်သည် သူငယ်ချင်းများနဲ့အတူ တဲဆောက်လုပ်ပြီး ရွှေတူးသည့်အလုပ်ကို လုပ်ကိုင်ကာ ထိုနေ့မှာပင် ညောင်ပင်လဲကျချိန် သူငယ်ချင်း ၅ယောက်ကို ထိခိုက်မှုမရှိဘဲ သူမတစ်ဦးတည်းသာ အပင်ပိမိပြီး နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ညောင်ပင်ပိမိပြီး သေဆုံးသွားတဲ့ အမျိုးသမီးငယ်သည် အသက် ၂၀နှစ်အရွယ်ရှိ လွေးအီနီမ်းဆိုသူဖြစ်ပြီး ကွတ်ခိုင်မြို့နယ်၊ ဟိုဖျတ်အုပ်စု၊ ဟိုပန်ကျေးရွာဇာတိဖြစ်တယ်လို့ သတင်းများက ဖော်ပြထားတာဖြစ်ပါတယ်

Related Posts