ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ပဇီကြီးဒေသခံများအတွက် နယူးယောက်တွင် ဆုတောင်းဆန္ဒပြပွဲပြုလုပ်

119

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ပဇီကြီးဒေသခံများအတွက် နယူးယောက်တွင် ဆုတောင်းဆန္ဒပြပွဲပြုလုပ်

DVB

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကန့်ဘလူနဲ့ ခါးစည်းခံမြန်မာပြည်သူတွေအတွက် ဆုတောင်းဆန္ဒဖော်ထုတ်ပွဲကို ဧပြီ ၁၃ ရက် ညနေက ကျင်းပခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီ ၁၁ ရက် မနက်က မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု၊ လေယာဉ်စက်သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနေ ကလေး၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်အပါအဝင် အပြစ်မဲ့ကျေးရွာသား ၁၆၀ ကျော် သေဆုံးသွားခဲ့ပါတယ်။

ဆုတောင်းဆန္ဒပြဖော်ထုတ်ပွဲမှာ စစ်မိစ္ဆာတို့၏စက်ဆုပ်ရွံရှာဖွယ်ကောင်းလှတဲ့ လူစိတ်ပျောက်သော သွေးရူးသွေးတမ်းလုပ်ရပ်အား အပြင်းအထန်ရှုတ်ချခဲ့ကြပြီး၊ စစ်အာဏာရှင်အား အမြန်ဆုံးအမြစ်ဖြတ်နိုင်ဖို့ နိုင်ငံတကာခေါင်းဆောင်တွေ အကူအညီပေးဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဆီ နယူးယောက်ရှိ မြန်မာလူမှုအဖွဲစည်းတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက အိတ်ဖွင့်ပေးစာတစောင်ပေးပို့တောင်းဆိုခဲ့ကြပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်နဲ့အပေါင်းပါ စစ်မိစ္ဆာတို့အပေါ်သွေးဆာနေသော လူသတ်ကောင်များအဖြစ် တညီတညွတ်တည်းသက်မှတ်ကာ၊ NUG အစိုးရအား ပြည်သူတင်မြောက်သော တရားဝင်အစိုးရအဖြစ် အတိအလင်းလက်ခံအသိအမှတ်ပြုကြောင်း၊ အစိုးရအချင်းချင်းမှ အစိုးရအချင်းချင်းသို့ တိုက်ရိုက်အကူအညီပေးမှုများ အလျင်မြန်ဆုံးလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ထို့နောက် အကြမ်းဖက်စစ်တပ်အား လေယာဉ်ဆီများရောင်းချနေတာကို ပိတ်ပင်ဖို့၊ မြန်မာပြည်အတွင်းစစ်ရာဇဝတ်မှုများကျုးလွန်နေသူတွေကို နည်းလမ်းရှာပြီး နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) သို့လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆုတောင်းပွဲကို နယူးယောက်ဒေသခံ မြန်မာတိုင်းရင်းသားပေါင်းစုံ စုစုပေါင်း ၃၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ဆရာတော်တွေက မေတ္တာသုတ် ရွှတ်ဖတ်ပူဇော် ဆုတောင်းပေးခဲ့ကြပါတယ်။

#DVB #News #Photo #နယူးယောက် #ကျဆုံးပဇီကြီးဒေသခံများ #ဆုတောင်း

Related Posts