ကမ္ဘာ့ရွှေဈေးနှုန်း တစ်ရက်တွင်း ဒေါ်လာ ၄၀ ကျော်မြင့်တက်ခဲ့

ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ၂,၀၂၅ ဒေါ်လာအထိ မြင့်တက်လာသဖြင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း တစ်ကျပ်သား ကျပ် ၂,၉၇၂,၀၀၀ အထိမြင့်လာခဲ့ပြီး တစ်ရက်အတွင်း ပြင်ပရွှေဈေး ၂၅,၀၀၀ ခန့်အထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်း ရွှေအရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။
ကမ္ဘာ့ရွှေဈေးသည် ဧပြီ ၅ ရက်တွင် တစ်အောင်စလျှင် ၂,၀၂၅ ဒေါ်လာအထိ ပြန်လည်မြင့်တက်၍ တစ်ရက်အတွင်း ဒေါ်လာ ၄၀ ကျော် မြင့်တက်ခဲ့ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ဖြစ်သင့်သည့် ရွှေဈေးနှုန်း ကျပ် ၂,၃၈၂,၁၀၀ သတ်မှတ်ခဲ့၍ တစ်ရက်အတွင်း ကျပ် ၄၇,၁၀၀ တိုးမြှင့်သတ်မှတ်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၁,၈၀၀ အောက်အထိ ကျဆင်းမှုရှိခဲ့ပြီး ဖေဖော်ဝါရီလအကုန်ပိုင်းတွင် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့၍ မတ်လ ၂၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂,၀၀၀ ကျော်လာသဖြင့် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ၂,၉၇၉,၀၀၀ အထိ မြင့်တက်ခဲ့မှုများရှိခဲ့သည်။
သို့သော်လည်း ကမ္ဘာ့ရွှေဈေးနှုန်း တဖြည်းဖြည်းပြန်လည်ကျဆင်းလာခဲ့သောကြောင့် မတ်လ ၃၀ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ဒေါ်လာ ၁၉၆၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ကျပ် ၂,၉၃၂,၀၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သည်။
ယနေ့ ဧပြီ ၅ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၂၀၂၀ အထက်သို့ ပြန်လည်မြင့်တက်လာခဲ့ပြီး နာရီပိုင်းအလိုက် ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်နေသဖြင့် အချို့သောရွှေအရောင်းအဝယ်ဆိုင်များတွင် ဈေးနှုန်းများ ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ပြည်တွင်းရွှေဈေးနှုန်းများသည် မတ်လ ၃၀ ရက်တွင် ကျပ် ၂,၉၃၈,၀၀၀၊ မတ်လ ၃၁ ရက်တွင် ကျပ် ၂,၉၄၂,၀၀၀၊ ဧပြီ ၁ ရက်တွင် ကျပ် ၂,၉၃၅,၀၀၀၊ ဧပြီ ၃ ရက်တွင် ကျပ် ၂,၉၃၂,၀၀၀၊ ဧပြီ ၄ ရက်တွင် ကျပ် ၂,၉၄၈,၀၀၀ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။